အဓိပ္ပါယ်ဖွင့်ဆိုချက်မဆန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်
- 5 days ago
- 2 min read
Updated: 9 hours ago
ကျနော်တို့ တပ်ရင်းမှာက လူငယ်တွေ များပါတယ်။ ဘယ်အရာကိုမဆို သွေးတိုးစမ်းပစ်ချင်ကြတဲ့ လူငယ်တွေပေါ့။ မရင့်ကျက်မှုတွေနဲ့ စတင်ခဲ့ပြီး တော်လှန်ရေးရဲ့ သွန်သင်ဆုံးမမှုကိုခံယူရင်း လူကြီးဖြစ်ဖြစ်လာကြတဲ့ လူငယ်တွေ။ လူငယ်တွေဆိုတော့ ကျနော်တို့တွေက ဘယ်အရာကိုမဆို သွေးတိုးစမ်းပြီး လုပ်ဆောင်ချင်ကြတယ်။ အဲလို လုပ်ဆောင်မှုတွေထဲမှာ ရှေ့ကိုရောက်သွားတာတွေလည်းရှိသလို မရောက်တာတွေလည်းရှိတယ်။ အဲဒီထဲမှာမှ ရှေ့ကိုရောက်ခဲ့တဲ့ အရာတွေထဲက တစ်ခုကို ပြောပါဆိုရင်တော့ ကျနော်တို့ရဲ့ ဘတ်တံဆိပ်ပါပဲ။ ကျနော်တို့ရဲ့ ဘတ်တံဆိပ်ကို ကျနော်တို့ရဲ့ ရဲဘော်တွေက တော်တော်လေး တန်ဖိုးထားမြတ်နိုးကြတယ်။ ဒါဟာ ဘယ်တပ်ရင်းမှာမဆို ရဲဘော်တိုင်းလိုက်နာရမဲ့ စည်းကမ်းဆိုပေမဲ့ ကျနော်တို့ဆီမှာ အဲ့ဒီထက်ပိုတဲ့ လေးနက်တဲ့ အရာတွေရှိနေသေးတယ်။
ကျနော်တို့ရဲ့ဘတ်တံဆိပ်ပုံစံက အရမ်းကြီးမိုက်ပြီး အထာကျနေတာတော့မဟုတ်ဘူး။ဒါပေမဲ့ ဒီဘတ်တံဆိပ် လေး ဖြစ်ပေါ်လာဖို့ ကြိုးစားခဲ့ရတာကတော့ အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။
တပ်ရင်းက နယ်စုံလူစုံဆိုတော့ ကျနော်တို့က ဒေသဆိုင်ရာ အမှတ်အသားတစ်ခုခုအနေနဲ့ ဘတ်တံဆိပ်ပုံကို လုပ်လို့မရဘူး။ အဲတော့ ဘတ်တံဆိပ်ကိုစတင်သတ်မှတ်ကြရအောင်လို့ပြောတော့ တပ်ရင်းထဲက ရဲဘော်တွေကို ကြေငြာလိုက်တယ်။ ဘယ်သူမဆို စိတ်ကူးရှိရာ ဆွဲလို့ရတယ်။ လင်းယုန်ငှက်နဲ့ သေနတ်နှစ်လက်တော့ ပါရမယ်ပေါ့။ ကျနော်တို့တပ်ရင်းက Band Of Brothers ရုပ်ရှင်ရဲ့ လွှမ်းမိုးမှုအများကြီးရှိကြတယ်။ ရဲဘော်တိုင်းနီးပါးကြည့်ကြပြီး ခေါင်းဆောင်တွေကလည်း မဖြစ်မနေသဘောမျိုးထိ ကြည့်ဖို့ တိုက်တွန်းကြတယ်။ အဲ့ဒီရုပ်ရှင်ထဲက အီးဇီးတပ်ခွဲဟာ ကျနော်တို့ရဲ့ စံပြ။ အဲတော့ ဘတ်တံဆိပ်မှာသုံးဖို့ဆိုပြီး ကနဦး အနေနဲ့ လင်းယုန်ငှက်ရဲ့ပုံစံကို ရွေးချယ်လိုက်ကြတယ်။
ကျနော် ဒီနေရာမှာ ပြောပြချင်တာတာက ဘတ်တံဆိပ်အကြောင်းဆိုတာထက် အဲဒါကိုဆွဲခဲ့တဲ့ ရဲဘော်အကြောင်းပဲ။ သူ့ကို ကြာစိလို့ ကျနော်တို့က ခေါ်ကြတယ်။ သူ့ပုံက လူရွှင်တော် ကြာစိနဲ့တူလို့။ သူက တော်လှန်ရေးရဲဘော်တစ်ယောက် မဖြစ်ခင်တုန်းကတော့ ဝါသနာအရ တက်တူးထိုးတဲ့အလုပ် လုပ်ခဲ့ဖူးသလို ပန်းချီဘာညာလည်းနည်းနည်းရတယ်။ ဘတ်တံဆိပ် ပုံကြမ်း တင်ကြတဲ့ ရဲဘော်တွေထဲမှာ မှ သူ့ရဲ့ပုံကို ကျနော်တို့တွေ ရွေးခဲ့ကြတယ်။ အဆင်လည်းပြေသလို ရိုးရှင်းပြီး သဘောကျစရာလည်းကောင်းလို့။
ကြာစိက ကျနော်တို့တပ်ရင်းရဲ့ အမြုတေရဲဘော်တွေထဲက တစ်ယောက်ပဲ။ တပ်ရင်းရဲ့ ပြိုလဲလုနီးပါးအချိန်တွေ ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ ကျနော်တို့ရင်းနဲ့အတူ မယိုင်မလဲရပ်တည်ပေးခဲ့တဲ့ရဲဘော်တွေထဲက တယောက်။ အကောင်သေးသေး ဖြူဖပ်ဖြူရော်နဲ့ဆိုပေမဲ့ ခံယူချက်ကြီးတဲ့ရဲဘော်မျိုး။ ဝမ်းနည်းဖို့ကောင်းတာကတော့ ကျနော်တို့ တပ်ရင်းကနေ အစောဆုံးထွက်ခွာသွားပြီး သူယုံကြည်တဲ့တော်လှန်ရေးအတွက် ကြာစိဟာ စောစီးစွာပဲ အသက်ပေးခဲ့ရတယ်။ သူရဲ့ ပုံကြမ်းကို အခြေခံပြီး ကျနော်တို့ တွေ ဘတ်တံဆိပ် လုပ်ကြတယ်။အထက်ကိုခွင့်ပြုချက်တင်တယ်။ ဒါပေမဲ့ အဲ့ဒီဘတ်တံဆိပ် အတည်ပြုပြီး ကျလာတော့ ကြာစိက ကျနော်တို့ဆီမှာ မရှိတော့ပါဘူး။ အတော်လေးပြင်းထန်တဲ့ တိုက်ပွဲတစ်ခုမှာ သူကျဆုံးသွားခဲ့တယ်။ ကျနော်တို့အနေနဲ့ သူရေးဆွဲခဲ့တဲ့ ဘတ်တံဆိပ်ကို သူ့ရဲ့လက်မောင်းမှာ တပ်ဆင်ပေးခွင့် မရလိုက်ပါဘူး။
ဘတ်တံဆိပ်ရဲ့ ပုံကို အရောင်က ဘာအဓိပ္ပါယ် လင်းယုန်ငှက်တွေဆိုတာ ဘယ်လိုရုန်းကန်တာ ဘာညာ မဲပြာပုဆိုး ဖွာလန်ကြဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ကျနော်တို့ ပြောမပြချင်တော့ဘူး။ ကျနော်တို့အတွက် သိပ်လည်း မလိုအပ်ဘူး။
ဒါပေမဲ့ တော်လှန်ရေး တစ်ခုအတွင်းက လူငယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတရပ်ကိုတော့ ကျနော့်တို့ လက်မောင်းက ဘတ်တံဆိပ်ကိုမြင်တိုင်း ကျနော်တို့သတိရကြတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ်ကိုတိုင်စိုက်ပျိုးခဲ့ပေမဲ့ အဲ့ဒီအသီးအပွင့်ကို ကိုယ်ခံစားရမယ်လို့ တထစ်ချမျှော်လင့် ယုံကြည့်လို့မရဘူးဆိုတာပဲ။ ငါတို့ရဲ့ ပေးဆပ်မှုတွေဟာ နောင်မျိုးဆက်တွေအတွက် ဘာညာဆိုပြီး ကျနော်တို့တွေ နိုင်ငံရေးစကားဆန်ဆန် လျှောက်ပြောနေလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အခုလက်ရှိ တော်လှန်ရေးထဲမှာရှိနေတဲ့ ရဲဘော် တွေ၊ ပါဝင်ပါတ်သက် ကူညီပေးနေတဲ့ ပြည်သူတွေ ကို တစက္ကန့်လေးရရ တစ်မိနစ်လေးရရ ကျနော်တို့တွေ ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ အရာတွေရဲ့ အသီးအပွင့်ကို ခံစားစေချင်တယ်။
ကျနော်တို့တပ်ရင်းရဲ့ ဘတ်တံဆိပ်ကို လက်မောင်းမှာ ကပ်လိုက်တိုင်း ကြာစိရဲ့ ကြိုးစားအားထုတ်ခဲ့မှုကို ကျနော်တို့သတိရကြတယ်။ နောက်တော့ တဆက်တည်း ဖြစ်ပေါ်လာတဲ့ သူမရှိတော့ပါလားဆိုတဲ့ လစ်ဟာမှု။ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ တာဝန်ဟာ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေရဲ့ပုခုံးပေါ်ကို ကျရောက်လာတယ်ဆိုတာ တော်လှန်ရေးတစ်ခုရဲ့ ထုံးစံပါပဲ။ ကျနော်တို့တပ်ရင်းရဲ့ ဘတ်တံဆိပ်ဟာ ကျနော်တို့အတွက် အဲ့ဒီအချက်ကို သတိပေးနေတဲ့ သတိပေးချက်တစ်ခုပဲ။ ပြုလုပ်ခဲ့သူဟာ မရှိတော့ပေမဲ့ ကျန်ရစ်ခဲ့သူတွေကတော့ သူ့ရဲ့ကြိုးစားမှုရလဒ်ကို ရရှိခဲ့ကြတယ်။ ဘတ်တံဆိပ်တစ်ခုတည်း မဟုတ်ပဲ ကြာစိရဲ့ မပြီးဆုံးသေးတဲ့ တာဝန်ကိုပါ ကျနော်တို့ရရှိခဲ့ကြတယ်။ ကြာစိလို ရဲဘော်တွေရဲ့ မပြီးဆုံးသေးတဲ့ တာဝန်ကို ကျန်ခဲ့တဲ့ရဲဘော်တွေတိုင်းက ဆက်လက်တာဝန်ယူကြရတာပါပဲ။
လူတစ်ယောက်ဟာ သူမရှိတော့ပေမဲ့ သူနဲ့ပါတ်သတ်တဲ့အရာတွေဟာ ရှိနေသေးရင် အဲဒါကို ထာဝရထွက်ခွာသွားတယ်လို့ ယူဆလို့မရပါဘူး။
ကျနော်တို့တပ်ရင်းကို နောက်မှဝင်လာတဲ့ ရဲဘော်တွေဟာ ကြာစိကို မသိကြပါဘူး။ ဒါပေမဲ့ တပ်ရင်းဘတ်တံဆိပ်ကို ရရှိတိုင်း ဒါဟာ သူဖန်တီးခဲ့တာပဲဆိုတာကိုတော့ ကျနော်တို့ရှင်းပြကြတယ်။ ဒီအချက်နဲ့တင် ကျနော်တို့ ရဲဘော်တွေ ဟာ တပ်ရင်းဘတ်တံဆိပ်ရဲ့အပေါ်မှာ လေးစားပြီး တန်ဖိုးထားမြတ်နိုးကြတယ်။ ဒီအချက်ဟာ ကျနော်တို့အတွက်၊ ကျနော်တို့ရဲ့ ဘတ်တံဆိပ်အတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်မဆန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုပါပဲ။
ရာမွန်
(22.2.24)


.png)


Comments