လူထု စည်းရုံးရေးနှင့် စစ်ဖက်-အရပ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
- 24 hours ago
- 1 min read
Updated: 9 hours ago
ပြည်သူလူထုမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အဓိကတာဝန်သည် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှောက်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန် ဖြစ်သည်။ ပြည်သူ့စစ် မဟာဗျူဟာအောက်တွင် ပြည်သူအား အခြေပြုသည့် ကာကွယ်ရေး တပ်မတော်တစ်ရပ်အတွက် စည်းရုံးရေးသည် အသက်သွေးကြောတမျှဖြစ်သည်။ လက်ဝဲသုန္ဒရ အမတ်ကြီးရေးသားသော နန္ဒိသေနပျို့တွင်
"စစ်နည်းဗျူဟာ ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး ၊ မသိမ်းကြုံးလျှင်
ပြည်သူ့အင်အား ၊ မလေးစားလျှင်
ဓားသွားလည်းကြွေ ၊ လှံလည်းခွေအံ့"
ဆိုသည့် စကားရှိသည်။
လူထုထောက်ခံမှု မရှိသည့် တပ်သည် အချိန်တစ်ခုတွင် မလွဲမသွေ ကျရှုံးကြရစမြဲဖြစ်သည်။ ထို့ကြောင့် မိမိတို့ အမှတ် (၁) အထူးတပ်ရင်း အနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်၍ စည်းရုံးရေးလုပ်ငန်းစဉ်များ ချမှတ်ပြီး ပြည်သူလူထုနှင့်အတူလက်တွဲ၍ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သလို ရှေ့ဆက်လဲ ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ စည်းရုံးရာတွင်လည်း အဓိက လိုအပ်လျက်ရှိသော တာဝန်ယူမှု/တာဝန်ခံမှုရှိခြင်း၊ လူထုနှင့်တသားတည်း ရှိခြင်း၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ်မှသည် ဒေသတွင်း လိုအပ်လျက်ရှိသော လူထုအကျိုးပြု လုပ်ငန်းများ အတူလုပ်ဆောင်ခြင်း၊ လက်ရှိ တော်လှန်ရေး၏ အန္တိမ ပန်းတိုင် ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမိတ်ဆက်များ ဟောပြောခြင်း စသည်ဖြင့် ကြိုးစား ဆောင်ရွက်လျက် ရှိသည်။
“တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း တိုက်” ဆိုသည့် ဆောင်ပုဒ်အတိုင်း တပ်ရင်း တာဝန်ကျရာ စစ်နယ်ဝန်း (တိုင်းရင်းသားဒေသများအပါအဝင်) အတွင်း တပ်ရင်းအဆင့် စည်းရုံးရေး လုပ်ငန်းစဉ်များအား (ခပ်စိပ်စိပ်) ဖော်ဆောင်လျက်ရှိပါသည်။ မိမိတို့ လုပ်ဆောင်ခဲ့သော လုပ်ငန်းများထဲမှ အချို့သော ပုံရိပ်များကို လှုပ်ရှားမှုများအဖြစ် မျှဝေလိုက်ပါသည်။
.png)
























Comments